KBZ BANK Women League 2017-18 ပြိုင်ပွဲအတွက် KBZ BANKနှင့် Title Sponsor စာချုပ် ချုပ်ဆိုပွဲကျင်းပ
- apexdeveloper2017
- Dec 29, 2017
- 1 min read
KBZ BANK Women League 2017-18 ပြိုင်ပွဲအတွက် Title စပွန်ဆာ စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၂ ရက်နေ့၊ နေ့လည် ၁ နာရီအချိန်က နိုဗိုတယ် ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အမျိုးသမီးလိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးလှဌေး၊ အမျိုးသမီးဘောလုံးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စံပယ်ကြည်၊ ကမ္ဘောဇဘဏ်မှ Deputy Managing Director ဒေါ်သီတာအေးမွန်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အမျိုးသမီးလိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးလှဌေးက အဖွင့်အမှာစကားပြောကြားရာတွင် "မြန်မာအမျိုးသမီးအသင်းတွေ အနေနဲ့ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်ဖို့ဆိုရင် လိဂ်ပြိုင်ပွဲရှိဖို့ လိုအပ်တာကြောင့် လိဂ်ကော်မတီဖွဲ့စည်းပြီး လိဂ်ပြိုင်ပွဲကို အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်နေပါတယ်။ အဓိက စပွန်ဆာအဖြစ် ပံ့ပိုးကူညီပေးတဲ့ KBZ BANK ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားပါမယ်"ဟု အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က "အမျိုးသမီး အသင်းတွေ အနေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ထိုင်း၊ ဗီယက်နမ်တို့ကို ယှဉ်နိုင်ဖို့ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒါ့ကြောင့် လိဂ်ပြိုင်ပွဲကို အခက်အခဲတွေ အများကြီးကြားက ကျင်းပပေးခဲ့တာပါ။ ဒီလိုကျင်းပနိုင်ဖို့ အကျိုးအမြတ်ကို မကြည့်ပဲ ငွေကြေးစိုက်ထုတ်ပေးခဲ့တဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်းကို ဒီနေရာက နေ ကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်။ ကစားသမားတွေအနေနဲ့လည်း ဒီလို အခက်အခဲတွေ ကြားကနေ ကျင်းပပေးနေတဲ့ ပြိုင်ပွဲမှာ စိတ်ဓါတ်ရော စည်းကမ်းပိုင်းပါကောင်းမွန်ဖို့ လိုအပ်ပြီး သာမာန်ထက်ပို ကြိုးစားကြ ဖို့ တိုက်တွန်းလိုပါတယ်"ဟု ပြောကြားခဲ့သည်။
ယင်းနောက် စပွန်ဆာလက်မှတ် ရေးထိုးခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး အမျိုးသမီးလိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးလှဌေးနှင့် ကမ္ဘောဇဘဏ်မှ Deputy Managing Director ဒေါ်သီတာအေးမွန်တို့က ကျပ်သိန်း၃၀၀၀ တန်ကြေးရှိ စပွန်ဆာစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့နောက် စပွန်ဆာပေးခဲ့သော ကုမ္ပဏီများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းနှင့် မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားခြင်း အစီအစဉ်များကို ပြုလုပ်ခဲ့သည်။

Comments